ဒီရက်ပိုင်းအတွင်း မအားလို့ ပုံတွေချည်းဘဲ တင်ဖြစ်နေတာကိုတောင် ငြီးငွေ့မသွားဘဲ လာပြီးအားပေးနေကြတဲ့သူငယ်ချင်းတွေကိုရော ကျွန်တော့လို မအားလို့ မလာနိုင်ကြတဲ့သူငယ်ချင်းတွေကိုရော အားလုံးကို တောင်းပန်ပါတယ်.....ဒီကဗျာလေးကတော့ ကျွန်တော့ရဲ့အချစ်ဆုံး မဟေသီလေးအကြောင်းကို ရေးထားတဲ့ ကဗျာလေးပါ....
သူငယ်ချင်းတွေကိုလည်း ဒီကဗျာလေးနဲ့ မိတ်ဆက်လိုက်ပြီနော်....
ကဗျာလေးကို အားပေးကြပါဦး........
အားလုံးကို ခင်တဲ့ ......ရင်ဆူး
အားငယ်တတ်တဲ့ စိတ်ဓါတ်ကို ငါမုန်းတယ်
အားငယ်တတ်တဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?
ထက်ထက်မြက်မြက်ရှိတာကို ငါသဘောကျတယ်
ရိုးအလွန်းတဲ့မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?
ကြောက်ရွံ့တတ်တဲ့ စိတ်ဓါတ်ကို ငါမုန်းတယ်
ကြောက်ရွံ့လွယ်တဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?
ပွင့်ပွင့်လင်းလင်းရှိတာကို ငါသဘောကျတယ်
အရှက်အကြောက်ကြီးလွန်းတဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?
နင်အားငယ်တိုင်း ငါ့လက်ကိုဆုပ်ကိုင်တယ်
အဲ့ဒီအချိန်မှာ
နင်စိတ်ဖြေနိုင်သလို
ငါကလည်း နင့်ရှေ့က တံတိုင်းတစ်ခုဖြစ်ခဲ့တယ်
နင်ရိုးအလွန်းလို့ ပြသနာတက်တိုင်း ငါ့ကိုတိုင်တတ်တယ်
အဲ့ဒီအချိန်မှာ
နင်ငိုနေတတ်သလို
ငါကလည်း မျက်ရည်သုတ်ပြီး နှစ်သိမ့်ခဲ့ရတယ်
နင်ကြောက်ရွံ့တိုင်း ငါ့ရင်ထဲတိုးဝင်တတ်တယ်
အဲ့ဒီအချိန်မှာ
နင်လုံခြုံသွားသလို
ငါကလည်း နင့်ရဲ့သူရဲကောင်း ဖြစ်ခဲ့ရတယ်
နင်ရှက်ရွံ့တိုင်း ငါ့လက်မောင်းလေးကို ထုတတ်တယ်
အဲ့ဒီအချိန်မှာ
နင့်ပါးလေးရဲနေသလို
ငါကလည်း ပျော်ရွှင်ခဲ့ရတယ်
တကယ်တော့
အချစ်ဆိုတာ
ခြားနားခြင်းတွေကို ကျောခိုင်းထားတဲ့
နားလည်မှု့ရှိသော နှလုံးသား ၂ စုံ ထပ်တူညီခြင်းသာ ဖြစ်တယ်
ဒါကြောင့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံး ဖြစ်နေခြင်းသာ........
ရင်ဆူး
11.4.2012
5:00 PM