"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Sunday, April 27, 2014

ဒီလိုလျှောက်မယ် ဖိနပ်ကလေးရေ

Yin Sue | 5:54 AM | Best Blogger Tips

" ဒီလိုလျှောက်မယ် ဖိနပ်ကလေးရေ "


တစ်ယောက်ရင်ကို တစ်ယောက်
ခြေရာခြင်းထပ်အောင် ချစ်ခဲ့ကြမှတော့
ကိုယ်တို့ဟာ
ဆုပ်လည်း မစူးဘူး
စားလည်း မရူးတော့ဘူး ခိုင်

အဆင်ပြေတဲ့အကြောင်းပြောပါ
မထိုးဘဲပေါက်တဲ့ ထီအကြောင်းပြော
မယူဘဲရတဲ့ အရာတွေ အကြောင်းပြော
လိုချင်နေတဲ့ အိတ်လှလှလေးအကြောင်းပြော
ဝတ်ချင်နေတဲ့ အကျီဆန်းဆန်းလေးအကြောင်းပြော
အစရှိသဖြင့် အဆုံးမရှိစေနဲ့
ကိုဟာ မင်းအတွက်
လိုတရ အိတ်လေးတစ်လုံးဖြစ်ကြောင်း
ကျည်ကာ အကျီတစ်ထည်ဖြစ်ကြောင်း
ပြီးတော့
ကိုလည်းဘဲ အဆင်ပြေကြောင်း ပြောပေးမှာပေါ့

အဆင်မပြေတဲ့အကြောင်းပြောပါ
ဖြစ်ချင်တာတွေ မဖြစ်တဲ့အကြောင်းပြော
မဖြစ်ချင်တာတွေ ဖြစ်တဲ့အကြောင်းပြော
နိမ့်နေတဲ့မြေပေါ် ရေ၀င်တဲ့အကြောင်းပြော
တောမီးက အိမ်ဦးခန်းထိတက်လောင်တဲ့အကြောင်းပြော
အစရှိသဖြင့် အဆုံးရှိစေတော့
ကိုက မင်းကို
ဂြိုလ်ဝင် ဂြိုလ်ထွက်ဆိုတာ
မီးဝင် မီးထွက်လောက် အရေးမပါကြောင်း
ဒုက္ခဆိုတာ အနာဂါတ်ဟာသတစ်ပုဒ်ဖြစ်ကြောင်း
ရယ်တစ်ဝက် မောတစ်ဝက်နဲ့
ကိုလည်းဘဲ အဆင်မပြေပါကြောင်း ပြောပေးမှာပေါ့

အေးအတူ ပူအမျှဆိုမှတော့
ကျောခြင်းဘဲ ကပ်ကပ်
ရင်ခြင်းဘဲ အပ်အပ်
ရင်ခုန်သံတော့ ထပ်တူကျမှာဘဲ ခိုင်
လောကဓံဆိုတာ ကိုယ်တို့အတွက်
မှတ်ကျောက်တစ်ခုထက် မပိုဘူး
ရဲရဲကြီးတိုက်ချပစ်လိုက်ကြစို့

အဆိုးတွေ အညံ့တွေကို
နားလှည့်ပါးရိုက်ပြီး အိပ်ကပ်ထဲ ခေါက်ထည့်ထားလိုက်ကြမယ်
အကောင်းတွေ အပျော်တွေကို
ပိုးမွေးသလိုမွေးပြီး ဘ၀ပေါ်ကို တင်လိုက်ကြမယ်
အဲ့ဒီဘ၀လေးမှာ ပျော်ဝင်လိုက်
အဲ့ဒီဘ၀လေးမှာ အနည်ထိုင်လိုက်
ကဲ .... ပြီးရင်
အဲ့ဒီလောကဓံတရား ၈ ပါးကို
လင်နဲ့မယားလို ပေါင်းဖက်လိုက်ကြတာပေါ့ .....

                                   ရင်ဆူး
                                25.04.2014
                                 00:25 AM

ချစ်သူချော့

Yin Sue | 5:38 AM | Best Blogger Tips

" ချစ်သူချော့ "


ငါးပွက်လို့ ငါးစာချတာမဟုတ်ဘူး
မေတ္တာရှိလို့ မေတ္တာလာတာပါ
ချစ်လို့လျှောက်တဲ့ အသနားခံခြင်းမှာ
ချစ်ခြင်းတွေဘဲ တွေ့ပါလိမ့်မယ် ခိုင်
မင်းကပြောမယ်
ကိုဟာ ပါးစပ်ကဘဲချစ်တယ်လို့
ဟုတ်တယ် ခိုင်
ကိုဟာ ပါးစပ်ကနေ ချစ်တယ်
ရင်ထဲကနေလည်း ချစ်တယ်
ပြီးတော့ ... ဘ၀ကြီးတစ်ခုလုံးနဲ့ပါ စပ်ပြီး ချစ်ခဲ့တာပါ ခိုင်
ကဲ .... အဲ့ဒီတော့
ကောက်တာတွေလည်း ပြေ
မေတ္တာတွေဘဲ ဝေပါစေတော့ .....

                         ရင်ဆူး
                     19.04.2014
                       9:30 PM




ဖွဲမီး

Yin Sue | 5:33 AM | Best Blogger Tips

" ဖွဲမီး "

ဖွဲမီးဟာ မင်းပေါ့ခိုင်
ခုလည်းကြည့်
စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်
ရေငုံနှုတ်ပိတ်နေတာတောင် 
ငါ့ရင်ထဲ လာလာတောက်နေတုန်း
မျက်လုံးစုံမှိတ်နေတာတောင်
ငါ့အတွေးထဲ လာလာလင်းနေတုန်း
ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တယ်ဆိုရင်
ကိုဟာ သံသရာ အဆက်ဆက် မင်းနဲ့နီးမဲ့ကောင် .....

                                  ရင်ဆူး
                               19.04.2014
                                11:00 AM




အလိုများပြီး အလွမ်းခါ၏

Yin Sue | 5:28 AM | Best Blogger Tips

အလိုများပြီး အလွမ်းခါး၏


ဟိုလိုလို ဒီလိုလို
ဘာလိုလို ညာလိုလို
ဘာမှမဆိုင်သလိုလိုနဲ့ တစ်နှစ်ကူးသွားပြန်ပြီခိုင်
ခေတ်ကြီးကလည်း လို
ဘ၀ကြီးကလည်း လို
အလိုတရားတွေ များစွာမှာ
မလိုချင်တဲ့ အလွမ်းတွေဘဲ ကိုးလို့ကန့်လန့်
အလိုအပ်ဆုံးဖြစ်တဲ့ လူကို အလွမ်းဆုံးဖြစ်နေရတာ
လွန်လွန်းတယ် ခိုင်
ဟိုလိုလို ဒီလိုလို
ဘာလိုလို ညာလိုလို
ဘာမှမဆိုင်သလိုလိုနဲ့
မင်းအတွက် ဆုတောင်းပေးမယ်
လိုတိုင်းတလို့ ပြည့်ပါစေ
လွမ်းတိုင်းတလို့ နီးပါစေ .....
                             
                              ရင်ဆူး
                           17.04.2014
                            4:26 PM



လွမ်းလို့သေသွားတာ ငါ့စိတ်တွေပေါ့

Yin Sue | 5:20 AM | Best Blogger Tips

လွမ်းလို့သေသွားတာ ငါ့စိတ်တွေပေါ့

အိပ်ယာအောက်ရေ၀င်တာလား ?
ဘူးလေးရာ ဖရုံဆင့်တာလား မသိဘူးခိုင်
လွမ်းနေတုန်း ရေပက်တာတွေမြင်တော့
မင်းတစ်ကိုယ်လုံး ရေစိုနေမလား တွေးမိတယ်
ငါ့တစ်ကိုယ်လုံး ရေစိုသွားသေးလား ကြည့်မိတယ်
စိုတော့ .... စိုတယ်
ရင်ထဲမှာ မျက်ရည်တွေ
အဲ့ဒီလိုနဲ့ ...
ငါ့စိတ်တွေ သေသွားပြန်တယ်
မျက်ရည်နစ်လို့ .....

                       ရင်ဆူး
                   14.04.2014
                      5:43 PM


သင်းသင်းလေးကျန်နေတဲ့ သင်္ကြန်

Yin Sue | 5:13 AM | Best Blogger Tips

သင်းသင်းလေးကျန်နေတဲ့ သင်္ကြန်

လူစုံတုန်း ဖြေချလိုက်တဲ့ အထဲမှာ
အလွမ်းတွေ ခပ်များများပါသွားရင် ဆောရီးပါ ခိုင်
ကို့မှာ စုမိဆောင်းမိတာဆိုလို့ သူတို့လေးတွေဘဲရှိလို့ပါ 

ကိုဟာ အမှတ်အသားနည်းသလောက် 
အစွဲအလန်းတော့ ကြီးတယ် ခိုင်
နောက်ဆုံးကျခဲ့တဲ့ သင်္ကြန်ဟာ
အခုချိန်ထိ ရင်ထဲမှာ သင်းသင်းလေး ကျန်နေတုန်းဘဲ

တမိုးအောက်အတူတူရှိနေတာတောင်
ရေစောစောလောင်းနိုင်တဲ့သူဖြစ်ဖို့
အိပ်ယာစောစော ထခဲ့သူဟာ ကိုပါ
မင်းတစ်ဘ၀လုံး အေးမြပါစေဆိုပြီး လောင်းခဲ့ဘူးတယ်

တန်ခူးရောက်တိုင်း
ကို့ရင်ထဲ လာလာပွင့်တဲ့
ပိတောက်တွေဟာ မင်းပဲပေါ့
အခုလည်း တစ်ညလုံး မင်းရနံ့တွေနဲ့ မွှေးနေဦးမယ် ...

                                                    ရင်ဆူး
                                                 10.4.2014
                                                  11:00 PM 


Monday, April 7, 2014

မန္တလေး (သို့) အမုန်းကမ္ဘာမကြေ

Yin Sue | 8:53 AM | Best Blogger Tips

" မန္တလေး (သို့) အမုန်းကမ္ဘာမကြေ "


တားထားတာ " တာ" မဟုတ်သလို 
စားသွားတာလည်း "ကမ်း"မဟုတ်ဘူး
ငါ့တစ်ကိုယ်လုံး
ဖွေး ............ လို့

ကြာနေပြီ ငါငိုနေတာ
ပြုတ်ကျသွားတဲ့ မျက်ရည်စတွေမှာ
အပူတွေ မပါသွားဘူး
ဒုက္ခတွေ မပါသွားဘူး
ဒါပေမဲ့
သမိုင်းတွေ ပါသွားတယ်
ရာဇ၀င်တွေ ပါသွားတယ်
သတို့သမီးလည်း မျက်ရည်တွေ လျှံလျှံလာတယ်
ရေတွေဘဲ ခမ်းခမ်းသွားတာ .....

ရော့ ...
ဒါက ငါပိုင်ဆိုင်တဲ့ "ငါ"
လိုရာသုံး ဆုံးပါစေ
လွယ်လွယ်နဲ့လည်း ပေးခဲ့ရဘူးပြီးပြီ
ခက်ခက်ခဲခဲလည်း ပြန်ယူခဲ့ရပြီးပြီ
နောက်တစ်ခါ ထပ်ပေးရဦးမလား ?
ငါ့ခေါင်းပေါ်မှာမှ မီးပုံးကြီးကြီး ချိတ်ချင်သလား ?
ငါ့ရင်ဝမှာမှ မီးပန်းကြီးကြီး ပစ်ဖောက်ချင်သလား ?
ငါ့ခြေရင်းမှာမှ ဗျောက်အိုးကြီးကြီး ဖောက်ချင်သလား ?
ကျေနပ်ပေးရမှာဘဲ
ကျေးဇူးရှင်တွေလေ
ခေတ်အဆက်ဆက်က ကျေးဇူးရှင်တွေ
ဟား ဟား ဟား ဟား ဟား
မရီနိုင်တော့ပေမဲ့ ရီလိုက်ပါတယ်
ငါ့လို အသက်ရှည်ပြီး အနာမဲ့စေ .....

နာလည်း မနာတတ်တော့ပါဘူး
မင်းတို့ပေးတဲ့မေ့ဆေးက ကြေးကြီးတယ်
သူတို့မျက်လုံးကို အရောင်တောက်စေတယ်
ငါ့ကမ္ဘာကို အမှောင်ရောက်စေတယ်
ငါ့ဘ၀နဲ့ ငါ့အနာ
ငါ့အနာငါ လျှပ်ပြီး၊ ငါ့ဘ၀ငါ မေ့မယ်
ငါမုန်းလို့ ငါမေ့လိုက်ပါတယ်လေ .....

ငါ့ဟာငါ နေတယ်
ဘုရားနဲ့ တရားနဲ့
ငါ့ဟာငါ နေတယ်
ကျောင်းနဲ့ ဇရပ်နဲ့
ငါ့ဟာငါ နေတယ်
ထီးနဲ့ နန်းနဲ့
ငါချစ်တာ အ၀ါ
အဖြူမဟုတ်ဘူး
ငါချစ်တာ ကျွန်တော် ကျွန်တော်လို့ပြောတဲ့ စကားသံလေးတွေ
နားမလည်တဲ့ စကားတွေ မဟုတ်ဘူး
ငါချစ်တာ ရွှေခြေကျင်းလေးတွေ
ခေါက်ယပ်တောင်တွေ မဟုတ်ဘူး
ငါချစ်တာ ရင်ဖုံးအကျီလေးတွေ
ဘေးကွဲ၊ နောက်ကွဲ စကပ်တွေ မဟုတ်ဘူး
ငါချစ်တာ ခါးထောင်အကျီလေးနဲ့ ထိုင်မသိမ်းလေးတွေ
အနီရောင် ၀မ်းဆက်တွေ မဟုတ်ဘူး
ငါချစ်တာ စက်ဘီးလေးတွေ
သီချင်းနဲ့ ကရတဲ့ သိုင်းတွေ မဟုတ်ဘူး
ခေတ်အဆက်ဆက်
ငါ့ကိုအကြိမ်ကြိမ်သတ်တယ် ငါမသေဘူး
အခု
ငါချစ်တဲ့ လူတွေကလည်း သတ်နေကြပြီ
ငါ့ကိုမချစ်တဲ့ လူတွေကလည်း သတ်နေကြပြီ
ငါ့ကိုမသတ်ခင်
ငါ့ခါးငါ ကိုင်းပြီး
ငါ့ဓါးငါ သွေးထားတယ်
ငါ့ကိုယ်ငါ ပြန်သတ်မလို့ .....

                                  ရင်ဆူး
                                1.4.2014
                                  00:00