"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, July 19, 2013

ချရေးမိသောအလွမ်းများ

Yin Sue | 9:55 PM | Best Blogger Tips

“ ချရေးမိသော အလွမ်းများ ”


ဘတ်စ်ကားစီးတိုင်း
ဘယ်ညာတစ်စုံ တက်မယ်/ဆင်းမယ်ဆိုတဲ့
ရင်ကိုလာလာတိုးတဲ့ ကဗျာတစ်ပုဒ်ရယ်…

အပြင်သွားတိုင်း
နာမှာစိုးလို့ မရဲတရဲ ချစ်ဇောပါးပါးလေးနဲ့ ထိတွေ့ခဲ့ရတဲ့
လက်မောင်းသားနုနုလေးတွေရယ်….

မိုးရွာတိုင်း
ကိုယ်တစ်ခြမ်းစီ စိုစေခဲ့တဲ့
မိုးစက်ကလေးတွေရယ်…

မစားစေချင်ပေမဲ့
သူကြိုက်လွန်းတဲ့သဘောင်္သီးထောင်း ခပ်စပ်စပ်လေးမှာမှာပေးရတဲ့
ပီတိလေးရယ် …

သူ့အကြိုက်မဟုတ်ပေမဲ့
လှည်းတန်းငါးကင်ဆိုင်လိုက်ထိုင်ပေးရင်း အရိုးနွှင်ပေးတတ်တဲ့
ပိန်သွယ်သွယ် လက်ချောင်းလေးတွေရယ်…

မိုးချုပ်တဲ့အထိ
ဝယ်စရာအထွေအထူးမရှိဘဲ ခြေရာခြင်းထပ်အောင် လျှောက်ခဲ့ကြတဲ့
လှည်းတန်းညဈေးလေးရယ် …

ကန်ပေါင်ပေါ်မှာ
ခုံရတဲ့အထိလမ်းလျှောက်
မုန့်တွေအများကြီးစားပြီး စကားနည်းနည်းပြောဖြစ်ခဲ့ကြတဲ့
ညနေတစ်ချို့ရယ်…

စိမ်းလန်းထဲမှာ
ရုပ်ရှင်တွေထဲကလို ချစ်ကြမယ်လို့တွေးပေမဲ့
ရှားရှားပါးပါးရှိတဲ့ ယုန်ဖြူလေးကိုလိုက်ကြည့်ရင်း ကုန်သွားခဲ့တဲ့
အချိန်တွေရယ်….

မစီးရဲလို့ အသေမှတ်ထားတဲ့ ကားနံပါတ်ကိုမှ
မှားမှားစီးဖြစ်ရင်း ကျွန်တော့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လေ့ရှိတဲ့
သူ့အကျင့်လေးတွေရယ်…..

ဘတ်စ်ကားစီးတိုင်း ကားမူးလေ့ရှိတဲ့ သူ့အတွက်
ကြွပ်ကြွ့ပ်အိတ်အပိုဆောင်ထားတတ်တဲ့
ကျွန်တော့အကျင့်သစ်တစ်ချို့ရယ်….

လွမ်းတယ်
လွမ်းတယ် လွမ်းတယ်
ဟုတ်တယ် ကျွန်တော်အရမ်းလွမ်းနေတယ်ဗျာ
ခုလည်းကြည့်
ကျွန်တော့်အတွေးထဲမှာ
သူမ အသက်ဓါတ်တွေ စီးဆင်းနေလေရဲ့ …..

                                                       ရင်ဆူး
                                                    18.7.2013
                                                     4:30 PM