"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Wednesday, March 26, 2014

လက်ထပ်ပြီးသား အချစ်ဦး

Yin Sue | 11:34 PM | Best Blogger Tips


" လက်ထပ်ပြီးသား အချစ်ဦး "

မြင်နေတဲ့ နှင်းတွေက 
မြင်ချင်တဲ့ နှင်းတွေ မဟုတ်ဘူး
မြောက်ပြန်လေနဲ့အတူ လွင့်လာတဲ့
လောကကြီးရယ်
သူနေတဲ့အရပ်က နှင်းလေး သယ်ခဲ့ပေးပါ .....


သစ်ပင်စိမ်းစိမ်းတွေ မြင်ရမလားလို့
မျက်မှန်အစိမ်းကြီး တပ်ထားလိုက်တယ်
ဒါလည်း သူ့ရဲ့အစိမ်းဝမ်းဆက်လေးဘဲ 
အာရုံမှာလာလာ ထင်လာ
သည်းခြေပျက်တာထက် ဆိုးတယ်အချစ်ရေ .....


တစ်လောကလုံး မှောင်နေလို့
ငါ့စိတ်ကို လင်းထားလိုက်တယ်
သူပေးတဲ့ အလွမ်းလေးနဲ့ပေါ့
နည်းနည်းတော့ ရင်ပူတယ်
သမုဒယသစ္စာမွေးဖွားနိုင်သူလေးရယ် 
ဒုက္ခသစ္စာဆိုတာ မင်းရဲ့အမွှာကွဲ့ .....


ငါ့စိတ်တွေကလည်း စက္ကန့်တိုင်း
အဲ့ဒီဘူတာလေးဘဲ ပြေးပြေးဆိုက်နေတော့
ရှေ့မျက်နှာနောက်ထားပြီး ပြောလိုက်တော့မယ်
တွန်းအားပေးတာလည်း မဟုတ်
တားမြစ်တာလည်း မဟုတ်ရပါဘူးကွယ်
လူကြီးတွေ မသိအောင် 
အတွေးထဲ ခိုးခိုးတွေ့ယုံပါ
သနပ်ခါးလေး လူးခဲ့
နှုတ်ခမ်းနီလေး ဆိုးခဲ့ပါ
အချိန်မရပေမဲ့
ကြင်နာခြင်းတွေက အသက်ရှည်ချင်သေးတယ် .....


ကဲပါလေ
ပါးကွက်လေး ၂ စင်းနဲ့ နှင်းဆီ တစ်ခင်း
ဘယ်ဘက်အိပ်ကပ်ထဲ ထည့်သွားမယ်နော်
အလွမ်းတွေ လူမိသွားရင်တော့
မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တာပေါ့ .....


မြင်ချင်တဲ့နှင်းတွေထဲက
အစိမ်းဝမ်းဆက်လေးနဲ့
သမုဒယသစ္စာလေးရယ်
တကယ်က
လေထဲဆောက်တဲ့ တိုက်အိမ်လေးမှာ
အတောင်ပံလေးပါတယ် .....


                                ရင်ဆူး
                              25.3.2014
                               5:00 PM